
ငါ့သမိုင်းကြောင်း ...
ဘာကိုအရှုံးပေးရမှာလဲ ငါ့ဘဝသမိုင်းမှတ်တိုင်မှာ အရှုံးဆိုတာမရှိသေး ဘာကိုဒူးထောက်ရမှာလဲ ငါ့ဒူးခေါင်းတွေဟာ သံမဏိလိုမာကျောနေတုန်း ဘာကိုသိမ်ငယ်နေရမှာလဲ ငါလည်းပုခုံးနှစ်ဘက်ကြားခေါင်းပေါက်တဲ့လူပဲ ဘာကိုမျိုသိမ့်ထားရမှာလဲ ဟောဒီ့ကလက်တွေဟာ ခံစားရသမျှရေးချပစ်လိုက်ဖို့ပဲ ဘာကိုတွေးကြောက်နေရဦးမှာလဲ ဖြစ်တည်ပျက်နေတဲ့ လောကနိယာမတရားကြီးပဲမို့လား ဘာကြောင့်ဆင်းရဲနေရမှာလဲ ငါဟာစိတ်ဓါတ်တွေကြွယ်ဝချမ်းသာနေတာမဟုတ်လား ဘာကြောင့်အရာရာကို ခံစားနေရမှာလဲ ဝင်ပြီးရင်ထွက်တဲ့လေလိုမျိုး ခံစားလာရသမျှ ပင့်သက်နဲ့တစ်ခါတည်း မှုတ်ထုတ်ပစ်လိုက်ရင်ရတာပဲ ...။ ဒါပေမယ့် ငါမဟုတ်တဲ့ငါဟာ ငါလို့သုံးစွဲရတာ အတ္တကြီးလို့တော့မဟုတ် ငါ့စိတ်ဓါတ်ကို မြှင့်တင်ထားလိုက်တာ ငါ့ကိုလူတိုင်းကနားလည်ချင်မှနားလည်မယ် သူတို့နားလည်ဖို့မလိုဘူး ငါ့ကိုယ်ငါနားလည်ဖို့လိုတယ် ငါ့သမိုင်းကိုငါဘာသာ ကောင်းအောင်စိုက်ထူနိုင်ဖို့လိုတယ် အဓိကဟာ စိတ်ဓာတ်ပဲ ရှေ့ကိုဦးတည်ပျံသန်းနေတဲ့ငှက်ဟာ မြေအောက်ကိုပြုတ်ကျမှာ မကြောက်တတ်သလို ရည်မှန်းချက်တွေပြင်းထန်နေတုန်း ငါ့စိတ်ဓါတ်တွေဟာလည်း ဟောဒီ့က လောကဓံမုန်တိုင်းတွေအကြားထဲမှာ ဘယ်တော့မှလဲပြိုသွားမှာမဟုတ်ဘူး။ ငါ့မှာလူတွေကိုးကွယ်တဲ့ငွေမရှိဘူး ငါ့မှာလူတွေအားထားတဲ့ဂုဏ်ဒြပ်အခြံအရံတွေမရှိဘူး။ ဒါပေမယ့် ... အဲဒီ့အရာတွေထက် တန်ဖိုးရှိတဲ့အရာတွေ ငါ့ဆီမှာရှိတယ်။ သူတို့က ငါ့ဘဝကို တွန်းတင်နေတုန်းပဲ ဒါကြောင့်ငါမရှုံးသေးဘူးလို့ပြောရဲတာပေါ့။

သင်္ခါရ့

အရာရာဟာမတည်မြဲဘူးဆိုပေမယ့် မတည်မြဲခြင်းတရားကိုမှ ဖွေရှာနေကြသူတွေ ဒီကမ္ဘာမှာအသင်္ချေ ... ငါလည်းအခုထိ ရှာဖွေနေမိဆဲ ... ဘာကြောင့်မတည်မြဲတာကိုမှ တည်မြဲစွာတောင်းတနေမိတာလဲ ... အမှန်တကယ်တော့ .... သင်္ခါရတရားနောက်မှာ ...တို့တွေဟာ တကောက်ကောက်နဲ့ တောက်လျှောက်လိုက်နေခဲ့သူတွေပါပဲ ... ငါ့လက်ထဲမှာဖမ်းဆုပ်ထားတဲ့ သက်မဲ့ဒြပ်ရှိတဲ့အရာတွေကို သတိနဲ့ငါပြန်ကြည့်မိတယ် ... အရောင်တွေစုံတဲ့ကောင်းကင်ပေါ်က ငါ့ကြယ်အိမ်မက်တွေကတော့ မပီဝိုးတဝါးရှိနေဆဲပါပဲ ... ဘယ်အချိန်ဆိုတာငါမသိပေမယ့် ငါ့သတိတွေက သင်္ခါရတရားများကို ကြိုကြည့်နေခဲ့သေးတယ် ... သြော်... သစ်ရွက်တွေတောင်မှ မြေမှာကြွေကျပြီးခကြရသေးတာပဲ ... အချိန်တန်တော့ ငါတို့လည်း သေကြကြေကြရဦးမှာပါလား ... ငါပိုင် ...ငါဆိုင် ...ငါပြိုင်တဲ့ အတ္တပွဲတွေတိုင်းမှာ သူဟာ ...အရိပ်တကြည့်ကြည့်နဲ့စောင့်နေခဲ့တယ် ... ဒါပေမယ့် ..သူဟာလူဆိုးလည်းမဟုတ်သလို လူကောင်းလည်းမလုပ်ဘူး ... တကယ်တော့ ... သူဟာ ...အရာရာကို တရားမျှတစွာ အဆုံးစီရင်လေ့ရှိတဲ့ လောကရဲ့ တစ်ဦးတည်းသော တရားသူကြီးပါပဲ ...
No comments:
Post a Comment